အင်တာနက်ပေါ်မှာ စီးပွားရေးဆိုင်ရာ သက်ဆိုင်ရာ စာမျက်နှာတွေရှိကြသလို လူမှုရေးဆိုင်ရာ အသင်းအဖွဲ့တွေရဲ့ စာမျက်နှာတွေလည်း ရှိကြပါတယ်။ ပြီးတော့ မိသားစုဆန်တဲ့ လူမှုပတ်ဝန်းကျင်တွေလည်း ရှိကြပါတယ်။ အင်တာနက်ထဲက မြန်မာ့လူမှုပတ်ဝန်းကျင် ဆိုင်ရာ မျက်နှာစာတွေထဲမှာ လက်ရှိအချိန်အထိ သက်တမ်းအရှည်ကြာဆုံးနဲ့ အအောင်မြင်ဆုံးပြောရမယ့် Myanmar Cupid Forum က forum အတွင်းမှာရှိတဲ့ အဖွဲ့ဝင်တွေထဲက ရွက်ပုန်းသီး အနုပညာရှင်တွေကို ဖော်ထုတ်ပေးတဲ့ MMCP Idol အစီအစဉ်ကို ကျင်းပခဲ့တာ ဒီနှစ်မှာဆိုရင် Season III ကို ရောက်ရှိခဲ့ပါပြီ။ ဒီ Season III မှာ MMCP Idol Winner အဖြစ် ရွေးချယ်ခံခဲ့ရတဲ့ ဝါသနာရှင် အဆိုတော်မလေး Toxic နဲ့ Delo Delo ပရိသတ်ကြီးကို မိတ်ဆက်ပေးပါရစေ။
Q. ငါ့ညီမရဲ့ နာမည်အရင်းကို သိချင်ပါတယ်။A. ဂရေစီရှိုင်း (Gracie Shine) ပါ။
Q. ညီမက Toxic ဆိုတဲ့ နာမည်နဲ့ Myanmar Cupid Forum က ပြုလုပ်တဲ့ MMCP Idol Season III မှာ ပထမဆု ရခဲ့တယ်လို့ သိရပါတယ်။ ညီမ ဘယ်လိုလုပ်ပြီး ဒီပြိုင်ပွဲကို ဝင်ပြိုင်ဖြစ်လဲ ဆိုတာ သိချင်ပါတယ်။
A. ဟုတ်ကဲ့။ ပြိုင်ခဲ့ပါတယ်။ Toxic က Torncity Online Game နဲ့ စပြီး MMCP Forum ကို ရောက်ခဲ့တာပါ။ အဲ့ဒီမှာ ရေးရင်းနဲ့ Idol season II နဲ့ တိုးသွားတာ.. နဂိုထဲကလဲ သီချင်းဆိုတာ ဝါသနာပါနေတော့ .. ကိုယ့်ဖာကိုယ် သီချင်းဆို အသံသွင်းပြီး ဝင်ပြိုင်ခဲ့ပါတယ်။ အဲ့ဒီအခေါက်ကတော့ မရခဲ့ပါဘူး။ ဆန်ကာတင် ၅ ယောက် အဆင့်မှာ ပြုတ်ခဲ့တာပါ။ အဲ့ဒီအခေါက်က အတွေ့အကြုံတွေ သင်ခန်းစာယူရင်းနဲ့ season III မှာ အများကြီးပြင်ဆင်ပြီး Toxic ထပ်ပြိုင်ခဲ့တာပါ။ အဲ့ဒီတခါမှာတော့ Idol ဆုကို ရခဲ့ပါတယ်။
Q. ညီမက အနုပညာနဲ့ ပတ်သက်ပြီး ဗီဇပါတယ်လို့ ပြောရမှာပေါ့နော်။ ဘယ်အရွယ်ကတည်းက သီချင်းဆိုတာနဲ့ ပတ်သက်ပြီး စတင်လေ့လာခဲ့ပါသလဲ။
A. ဘယ်အရွယ်ကတည်းကလဲ ဆိုတော့ ဘယ်လို စပြောရမလဲတော့ မသိဘူး။ Toxic ကို ငယ်ငယ်ထဲက ပါပါးက သီချင်းဆိုတာနဲ့ ပတ်သတ်ပြီး Train ခဲ့တာပါ။ စကားစပြောတတ်တဲ့ အရွယ်ထဲကစပြီး သံစဉ်လေးတွေ ညည်းညည်းတတ်တာရယ်၊ ၅ နှစ် သမီးလောက်ထဲက ဘုရားကျောင်းမှာ solo ဆိုဖို့ အတွက် ပါပါးက Train ခဲ့ပါတယ်။ ပါးက သူ အလုပ်ကပြန်လာတဲ့ အချိန်ဆို ဂီတာတီးပေးပြီး Toxic ကို သီချင်းဆိုခိုင်းပါတယ်။ လိုအပ်တာတွေကို ပြင်ပေးပါတယ်။ သီချင်းအဆိုပညာအတွက် တသမတ်ထဲ သင်ခဲ့တာဆိုလို့ ဂီတနဲ့ ပတ်သတ်တဲ့ ပညာသင်ကြားနေတဲ့အချိန်မှာ Voice Lesson (Subject) က ပါနေတော့ သင်ဖူးပါတယ်။ ကျန်တာ ထွေထွေထူးထူးတော့ မလုပ်ဖူးပါဘူး။ အဓိက ကိုယ့်ဖာကိုယ် နားထောင်တယ်၊ လေ့လာတယ်။ ဘုရားကျောင်းမှာ အပတ်တိုင်း သီချင်းဦးဆောင်ဆိုတာကလဲ အများကြီး အထောက်အကူ ဖြစ်ခဲ့တာပါ။
Q. ပြိုင်ပွဲနဲ့ ပတ်သက်ပြီးတော့ရော ဘယ်လိုပြင်ဆင်ပြီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါသလဲ။
A. အမှန်အတိုင်းပြောရရင် Toxic က ပထမတစ်ခေါက်မှာ အများကြီးမျှော်လင့်ပြီး ပြိုင်ခဲ့တော့ အရှုံးကို ရင်ဆိုင်ရတဲ့အခါမှာ တော်တော်ခံရခက်ခဲ့ပါတယ်။ အဲ့ဒါကလဲ သင်ခန်းစာ တစ်ခုပါပဲ။ ဒီတစ်ခေါက် ပြိုင်တဲ့အခါမှာ ကိုထွဋ်ထိပ် အများကြီး ကူညီပေးခဲ့ပါတယ်။ သီချင်းရွေးတာ Mixing ဆွဲတာကအစ၊ အများကြီး ပံ့ပိုးပေးခဲ့ပါတယ်။ အဓိကကတော့ စိတ်ကို အပေါ့ပါးဆုံးထားတတ်အောင် ကြိုးစားခဲ့ရပါတယ်။ နောက်တော့ ကိုယ်အသံနဲ့ လိုက်ဖက်မယ့် သီချင်းတွေ ရွေးရတယ်။ ပရိသတ်နဲ့ပါ အဆင်ပြေမယ့် သီချင်းမျိုးပေါ့။ နောက်ပြီးတော့ ဆိုတယ် …
Q. ပြိုင်ပွဲဝင်ခဲ့တဲ့ သီချင်းလေးတွေကိုရော ပြောပြနိုင်မလား။
A. (၁) လမ်းမကြီးရဲ့ဘေး (၂) သီချင်းမရှိတဲ့ ဂစ်တာ (၃) ယုံရဲ့လား (၄) အကြင်နာစစ်ရင် (၅) ချစ်ခြင်းဖြစ်တည်ရာ (၆) လိပ်ပြာရှိုက်သံ
Q. ပြိုင်ပွဲဝင်နေစဉ် ကာလအတွင်းမှာရော အခက်အခဲတွေများ ရှိခဲ့သေးလား။ ဘယ်လိုများ ဖြေရှင်းခဲ့ပါသလဲ။
A. ဟုတ်။ ရှိတာပေါ့ အကိုရယ်။ လုံးဝ မပြိုင်တော့ဘူးလို့ ဆုံးဖြတ်လိုက်တဲ့ အခါတောင် ရှိခဲ့ပါသေးတယ်။ ဒါပေမယ့် ခုနက ပြောခဲ့သလိုပဲလေ စိတ်ကို အပေါ့ပါးဆုံး ဖြစ်အောင် ပြန်ပုံသွင်းရတော့တာပေါ့။ လူဆိုတာက အမြဲ ပြည့်စုံနေတဲ့သူတွေမှ မဟုတ်တာ။ ကိုယ့်ကို ကြိုက်တဲ့သူ ရှိမယ် မကြိုက်တဲ့သူရှိမယ်။ ကိုယ့်ကို အားပေးခဲ့တဲ့သူက ၁% ပဲရှိနေစေဦးတော့။ သူတို့ အားပေးခဲ့တဲ့ အားပေးမှုကို ကိုယ့်ဘက်က အပြည့်အ၀ ပြန်ပေးဆပ်နိုင်ရမယ်လို့ Toxic ခံယူထားပါတယ်။ အဲ့ဒီ ၁% အတွက် Toxic ရပ်တည်နေရဦးမှာပဲ ဆိုတဲ့ စိတ်မွေး၊ အားတင်းပြီး ပြိုင်ပွဲကို ဆက်ပြိုင်ခဲ့ပါတယ်။ ဘယ်လိုဖြေရှင်းလဲ ဆိုတော့ ဘယ်လိုမှ မဖြေရှင်းပါဘူး။ အချိန်တန်တော့ သူ့ဘာသူ ပြီးသွားတာပါပဲလေ။
Q. MMCP Idol Winner အဖြစ် ရွေးချယ်ခံရတာ သိလိုက်ရတော့ ဘယ်လို ခံစားရပါသလဲ။
A. ပျော်တာပေါ့ အကိုရယ်။ Toxic အရမ်း ပြင်ဆင်လာခဲ့ရတာကိုး။
Q. MMCP Idol Winner ဖြစ်လာခဲ့ရင် နောက်နှစ်တွေမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့် မရတော့ဘူးလို့ သိရတယ်နော်။ ညီမအနေနဲ့ အနုပညာလောကကို ဝင်ရောက်ဖို့ အစီအစဉ်ရှိလား။
A. ဟုတ်ကဲ့။ ဝင်ရောက်ချင်ပါတယ်။ အစီအစဉ်ရှိလားဆိုတော့ Toxic အခုချိန်မှာ မသေချာသေးပါဘူး။ အခုလက်ရှိတော့ အပျော်တမ်း အဆင့်ပဲ လုပ်ဖြစ်သေးတာမို့ ပရို အဆင့်လုပ်ဖို့ ဆိုတာက လိုပါသေးတယ်။
Q. လက်ရှိ မြန်မာပြည်က အနုပညာရှင်တွေထဲကရော ဘယ်သူတွေကို အားကျ အတုယူသလဲ။
A. မတင်ဇာမော်ပါ။
Q. ညီမရဲ့ စိတ်ကူးအိပ်မက်ကလေးကိုလည်း သိပါရစေ။
A. အောင်မြင်တဲ့ အိုင်တီသမားတစ်ယောက်ဖြစ်ချင်ပါတယ်။
Q. ခုချိန်မှာ ညီမအလုပ်ချင်ဆုံး အလုပ်တစ်ခုကို ပြောပြပေးပါလား။
A. အခုလောလောဆယ်တော့ Game ဆော့ချင်တယ်။
Q. ညီမလိုမျိုး အနုပညာ ဝါသနာရှင် ညီအစ်ကိုမောင်နှမတွေကိုရော ဘာအမှာစကားများ ပါးချင်ပါသေးလဲ။
A. အနုပညာကို ဝါသနာပါတယ် ဆိုတာ လုပ်ယူလို့ မရပါဘူး။ ဘုရားပေးတဲ့ဆုပါပဲ။ တကယ်ဖြစ်ချင်တယ်ဆိုရင် ကြိုးစားပါ။ အရှုံးတွေနဲ့ ကြုံလာရင်လဲ စိတ်ကို အပေါ့ပါးဆုံးထားပြီး ရင်ဆိုင်ပါ။ အောင်မြင်မှုဆိုတာ ကိုယ်နဲ့ လက်တစ်ကမ်းမှာပဲ ရှိတာမို့ ကိုယ်ဆုပ်ကိုင်မိတဲ့အထိ ဘာအခက်အခဲတွေ့တွေ့ အားမလျှော့ပါနဲ့လို့ ပြောချင်ပါတယ်။
Q. အစ်ကိုတို့ရဲ့ Delo Delo ပရိသတ်ကြီးအတွက်ရော ဘာများအမှာစကား ပြောချင်ပါသေးလဲ။
A. Toxic ကို ပရိတ်သတ်တွေနဲ့ မိတ်ဆက်ပေးတဲ့ Delo Delo ကို ရော၊ Toxic ရဲ့ Interview လေးကိုဖတ်ပေးတဲ့ Delo Delo ပရိသတ်ကြီးကိုရော ကျေးဇူးတင်ပါတယ် လို့ ပြောချင်ပါတယ်။ Toxic အခုချိန်မှာ အပျော်တမ်းလုပ်နေပေမယ့် တတ်နိုင်တဲ့ အထဲက အကောင်းဆုံး လုပ်သွားမှာပါ။ အားပေးကြပါဦးလို့လည်း ပြောချင်ပါတယ်။
ပြိုင်ပွဲဝင်သီချင်းအဖြစ် Toxic သီဆိုခဲ့တဲ့ သီချင်းတွေထဲက “ချစ်ခြင်းဖြစ်တည်ရာ” သီချင်းကို ဒီနေရာကနေ ဒေါင်းလုပ်ရယူနိုင်ပါတယ်။

No comments:
Post a Comment